စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်AA တိုက်ပွဲအကြား တရုတ်ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေ
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က စစ်ရေးရှုံးနိမ့်နေချိန်မှာပဲ ရခိုင်ပြည်နယ် ရခိုင်စစ်ပွဲရပ်တန့်ရေးအတွက် တရုတ်ကြားဝင်စေ့စပ်ဖို့ ကြိုးစားလာနေပါတယ်။ကုလသမဂ္ဂဆိုင်ရာ တရုတ်အစိုးရ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် မစ္စတာ ဂုံးရှောင်က ရခိုင်ပြည်နယ် အမြန်ဆုံး တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လုပ်သွားမယ်ဆိုပြီး ဧပြီလ ၄ ရက် နယူးယောက်မှာလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း ပြောကြားခဲ့ပါတယ်။ရခိုင်တိုက်ပွဲ ငါးလနီးပါးအတွင်း ရက္ခိုင့်တပ်တော် (AA) က မြို့ပေါင်း ကိုးမြို့ကို သိမ်းယူထားပြီး တရုတ်ပိုးလမ်းမစီမံကိန်းကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အဓိကစီမံကိန်းတွေတည်ရှိရာ ကျောက်ဖြူမြို့နယ်ကို တိုက်ပွဲနီးကပ်လာနေတာဖြစ်ပါတယ်။ဒီလိုအချိန်မှာပဲ ရခိုင်ပြည်နယ် ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာ ရခိုင်ပြည်နယ်မှာရှိတဲ့ သူတို့ရဲ့ စီမံကိန်းတွေထိခိုက်မှာကို စိုးရိမ်လို့ဖြစ်နိုင်သလို၊ တစ်ဖက်မှာလည်း တစ်နိုင်ငံလုံး စစ်ရေးအခြေအနေ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်ကိစ္စမှာ တရုတ်ကြားဝင်ပေးဖို့ အကူအညီတောင်းတာကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်ကတွေက သုံးသပ်ထားပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ကလည်း အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါဝင် မြန်မာ့ထိပ်တန်း ခေါင်းဆောင်ဟောင်းတချို့ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ We Chat စာမျက်နှာကနေ ဧပြီလ ၅ ရက်နေ့က သတင်းထုတ်ပြန်လာပါတယ်။မြန်မာနှစ်ကူး သင်္ကြန်အကြိုအဖြစ် အခုလို တွေ့ဆုံခဲ့တာဖြစ်ပြီး၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အရင် စစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့တာပါ။ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းအောင် အပါအဝင် လူပုဂ္ဂိုလ်တချို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနဲ့ ပြည်သူတွေ စားဝတ်နေရေးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေမှာ ကူညီပေးနိုင်ဖို့ တရုတ်နိုင်ငံဘက်က ဆန္ဒရှိနေတဲ့အတွက် မြန်မာ-တရုတ်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေဖို့ ဆောင်ရွက်နေတယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ဧပြီလ ၁ ရက်နေ့တုန်းကလည်း တရုတ်အစိုးရ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းက နေပြည်တော်ကို ရောက်ရှိလာပြီးတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နယ်စပ်လုံခြုံရေးကိစ္စ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းကိစ္စတွေ အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တိုက်ပွဲတွေ ပြင်းထန်လာနေတာဖြစ်ပါတယ်။ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ တရုတ်နယ်စပ်မြို့တွေကို တိုင်းရင်းသားအဖွဲ့တွေက သိမ်းပိုက်ထားပြီး လက်ရှိ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် အကြီးအကျယ် အထိနာချိန်မှာ တရုတ်က ကြားဝင်စေ့စပ်ခဲ့သလို အခုတစ်ခါမှာလည်း မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်တဲ့ AA နဲ့ စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများအကြား တရုတ်က ကြားဝင်စေ့စပ်ဖို့ လုပ်ဆောင်လာနေတာဖြစ်ပါတယ်။#PoliticalNews #Mizzima-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12USubscribe our channel:https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free https://bit.ly/3U39QDBWebsite :https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper…

Comments

Be the first to add a comment