တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပဇီကြီးရွာ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် သံသယတရားခံအချို့ကို ဖမ်းဆီးထားပြီး စစ်ကောင်စီခေါင်းဆောင်ကို အဓိကတရားခံ စစ်ရာဇဝတ်ကောင်အဖြစ် အမှုဖွင့်ထားတဲ့အကြောင်း ဧပြီလ ၂၉ ရက်နေ့မှာ လူထုကို အသိပေးခဲ့ပါတယ်။ ပဇီကြီးရွာက ငိုသံတွေကို နှစ်သိမ့်ဖို့ စိတ်ပိုင်းဆိုင် ရာဖေးမမှုတွေ၊ လူသားချင်း စာနာထောက်ထား‌ရေးအကူအညီတွေ‌ ပေးနေတယ်လို့ ကြေညာပါတယ်။

ဒါတွေဟာ ပဇီကြီးရွာရဲ့ ဒဏ်ရာအနာတရတွေကို ကူညီကုစားဖို့ ဝိုင်းဝန်းကြိုးစားနေကြတာပါ။ ဒါ‌ပေမယ့် အားလုံးက အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ ကစဉ့် ကလျားဘဝတွေ ပဇီကြီးရွာမှာ ရှိ‌နေပါ‌တယ်။ သူတို့ဟာ ကူရာကယ်ရာမဲ့အနေ အထားနဲ့ ဦးတည်ရာ လျှောက်သွားနေကြပါတယ်။ စိုးရိမ်ထိန့်လန့်နေတဲ့ မျက်နှာသွင်ပြင်နဲ့ ပတ်ဝန်းကျင်ကို မယုံသင်္ကာ ကြည့်နေကြပါတယ်။ ပြီးတော့ လူတွေနဲ့ ဝေးနိုင်သမျှဝေးအောင် ထွက်ပြေးနေကြပါတယ်။ တချို့ဟာ ပဇီကြီးရွာပတ်ဝန်းကျင်မှာ ရှာမ‌တွေ့တော့အောင် ပျောက်ဆုံးသွားကြပါတယ်။

ဒါတွေဟာ ပဇီကြီးရွာက ခွေးက လေးအောက်ပေါင်းအပါအဝင် စစ်ဘေးသင့် အိမ်မွေးတိရစ္ဆာန်တွေရဲ့ ရင်နင့်စရာအဖြစ်တွေပါပဲ။
သာသနာ့ဒါယကာကြီးအမည်ခံ စစ်ခေါင်းဆောင်ရဲ့ ရက်စက်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ပဇီကြီးရွာအဖြစ်သနစ်တွေကြား သူ့ အိမ်က ခွေးလေးအောက်ပေါင်းတို့လို အိမ်မွေးတိရစ္ဆာန်တွေဟာ ဘုမသိဘမသိနဲ့ ငရဲကျနေတယ်လို့ ပဇီကြီးရွာသား ကိုမောင်မျိုးက ရင်ဖွင့်ပါတယ်။

"အောက်ပေါင်းကို ကျနော် နောက်ဆုံးတွေ့လိုက်ရတဲ့နေ့က သူ ကြောက်လန့်ပြီး လျှောက်သွားနေတာ။ တမှိုင်မှိုင် တတွေတွေနဲ့။ ခေါ်လို့လည်းမရတော့ဘူး"

ဧပြီလ ၂၃ ရက် နေ့ခင်း ၂ နာရီလောက်က အဖြစ်အပျက်ကို ကိုမောင်မျိုးက ပြန်ပြောပြတာပါ။

စစ်ကောင်စီဟာ ပဇီကြီးရွာကို ဧပြီလ ၁၁ ရက်နေ့မနက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။ ပြည်သူတွေ ဦး‌ဆောင်တဲ့ ဒေသဆိုင်ရာ ရုံးဖွင့်ပွဲနဲ့ ရွာအလှူပွဲ ကျင်းပနေချိန်မှာ အဖျက်စွမ်းအားကြီးတဲ့ ဗုံးနဲ့ တိုက်ခိုက်ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35နဲ့ပါ ကျည်ဆန်မိုး‌တွေ ရွာသလို ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် ၁၈၁ ဦး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေရသူတွေ ရှိသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။ ပဇီကြီးရွာငရဲခန်းဟာ လူတွေသေကြေပျက်စီးခြင်းနဲ့ အိမ်တွေ မီးလောင်ပြာကျခြင်းမှာတင် မရပ်တန့်ခဲ့ပါဘူး။ သွေးဆာနေတဲ့ စစ်ကောင်စီက ပဇီကြီးရွာပေါ် ပစ်ချခဲ့တဲ့ ဗုံးနဲ့ စက်သေနတ်ကျည်ဆန်တွေဟာ လူတွေသေကြေရုံ၊ သွေးပျက် ထိတ်လန့်ရုံတင်မဟုတ်ဘဲ အောက်ပေါင်းဆိုတဲ့ ငါးလသားနီးပါးအရွယ် ခွေးလေးနဲ့အတူ ပဇီကြီးရွာက အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သွေးပျက်ထိန့်လန့်စေခဲ့ပါတယ်။

"လေယာဉ်သံနဲ့ သေနတ်ကို လူတွေတင်မဟုတ်ဘူး။ တိရစ္ဆာန်တွေပါ ပြာနေအောင် ကြောက်တာ"

လေကြောင်းတိုက်ခိုက်မှုအလွန်မှာ ပဇီကြီးရွာနဲ့ ရွာနီးချုပ်စပ်က ဒေသခံတွေရဲ့ အကြောက်တရားနဲ့ ‌မြေပြင်ပကတိအခြေအနေကို ကိုမောင်မျိုးက ပြောပြတာပါ။ အောက်ပေါင်းဟာ ကိုမောင်မျိုးရဲ့ အသက်ရှစ်နှစ်အရွယ် သမီးငယ်ရဲ့ အချစ်တော်ခွေးလေးဖြစ်ပါတယ်။ သူ့သမီးငယ်ဟာ ၂၀၂၂ ခုနှစ်ကုန်ပိုင်း တရက်မှာ နှုတ်သီးကအစ တကိုယ်လုံး ဆွတ်ဆွတ် ဖြူ နေတဲ့ ချစ်စရာ အိမ်မွေးခွေးအထီးလေးတကောင်ကို ပွေ့ပိုက်ယူဆောင်လာခဲ့ပါတယ်။ သူချစ်လို့ မွေးချင်လို့ဆိုပြီး ရွာထဲက သူ့ဘကြီးအိမ်ကနေ တောင်းယူလာခဲ့တာပါ။

သားခွဲစအရွယ် အဲဒီအဖြူရောင်ခွေးလေးဟာ ပဇီကြီးရွာတရိုးက ကလေး ၊လူကြီးမရွေးအားလုံးနဲ့ တည့်ပါတယ်။ လူတိုင်းကို စိမ်းစိမ်း ကျက်ကျက် အရောတဝင်နေပါတယ်။ အထူးသဖြင့် တွေ့သမျှလူတွေရဲ့ခြေထောက်ကို ပွတ်သပ်၊ ကျီစယ်၊ ဆော့ကစားတတ်လို့လည်း အောက်ပေါင်းလို့ အမည်ပေးထားကြတာပါ။ အောက်ပေါင်းဟာ လိမ္မာပါးနပ်တယ်၊ လူ့အရိပ်အကဲကို သိတယ်၊ အပေါင်းအသင်းမက်တယ်။ပဇီကြီးရွာသားတွေနဲ့တင် အပေါင်း အသင်း လုပ်တာမဟုတ်ပါဘူး။ ရွာကို ရံဖန်ရံခါဖြတ်သွားတတ်တဲ့ ဒေသကာကွယ်ရေးရဲဘော်တွေနဲ့လည်း ရွာရိုးကိုးပေါက် လျှောက်လိုက်တတ်ပါသေးတယ်။ ဒါကြောင့်ပဲ စစ်အာဏာရှင်တော်လှန်ရေးထဲ အောက်ပေါင်းလေးလည်းပါတယ်ဆိုပြီး ရွာခံတွေက အချစ်ပိုကြပါတယ်။ အောက်ပေါင်းရဲ့ ကောင်းတဲ့ညာဉ်တခုကတော့ သူဘယ်ရောက်ရောက် အိမ်ကို နေ့မကူးဘဲ အရောက်ပြန်လာတတ်ပါတယ်။ အိမ်ရောက်ရင်‌တော့ သူ့ရဲ့ အဦးဆုံးသခင် ကိုမောင်မျိုးရဲ့သမီးလေးဆီ အပြေးသွားတယ်။ အလည်လွန်ပြီး မောမောနဲ့ အိမ်ပြန်လာတဲ့အခါတ်ိုင်း ကလေးပီပီ အိပ်ပျော်သွားတတ်တဲ့ အောက်ပေါင်းလေးကို သူ့သမီးလေးက စောင်လေးခြုံပေးပြီး ဂရုစိုက်ပေးတတ်တယ်လို့ ကိုမောင်မျိုးက ပြန်ပြောပြပါတယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Comments

Be the first to add a comment