ကိုဝင်းဇော်လွင်သည်လည်း သူ၏အသိမိတ်ဆွေများကို ငွေမြန်မြန်ထည့်သွင်းပြီး ငွေမြန်မြန်ပြန်ထုတ်ရန် ပြောပြခဲ့ပြီး ၎င်း၏လက်အောက်မှ အဖွဲ့ဝင်အဖြစ် ထည့်သွင်းပေးခဲ့သည်ဟု ပြောသည်။

“ကိုယ်ကနေပြီး တခြားမိတ်ဆွေလေးတွေကို ထမင်းအိုးတည်ပေးတဲ့အနေနဲ့ ဒီထဲငွေဝင်ဖို့ ပြောပေးခဲ့တာတွေ ရှိတယ်။ ပိုက်ဆံမရှိရင် ငါခဏစိုက်ပေးမယ်ပေါ့။ မြန်မြန်ဆန်ဆန်ငွေထည့် မြန်မြန်ဆန်ဆန်ပြန်ထွက်ပေ့ါ အမြတ်ရပြီဆိုရင်ကိုယ့်အမြတ်လေးယူထား မြန်မြန်ထွက်လိုက်ဆိုတဲ့သဘောနဲ့ လုပ်ထားပေးတာတွေက နှစ်ယောက် သုံးယောက်လောက်ရှိတယ်။ တကယ်လို့ သူတို့က ကြာဦးမယ် နည်းနည်းအချိန်ဆွဲပြီးတော့သွားနိုင်မယ့် အနေအထားမျိုးလေးတွေလည်းပြင်ဆင်ထားတဲ့အတွက်ကြောင့် ကြာဦးမယ်ဆိုရင်တော့ အမြတ်ရနိုင်တဲ့အနေအထားပါ။ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘဲ ကိုယ်နဲ့ ပတ်သက်တဲ့ ကိုယ်ပြောပြပေးခဲ့တဲ့ လူတွေကော ရနိုင်တဲ့အတွက် ထည့်ပေးလိုက်တာပါ”ဟု ပြောသည်။

သူ့အနေဖြင့် JOOM တွင်ရရှိခဲ့သည့် သင်ခန်းစာကြောင့် ယခုတစ်ကြိမ်တွင် ငွေအမြန်ထည့်သွင်းပြီးငွေ အမြန်ပြန်ထုတ်သည့်အတွက်ကြောင့် ငွေအရှုံးမရှိခဲ့ကြောင်း ပြောပြသည်။

သို့သော် ၎င်း၏မိတ်ဆက်ပေးမှုကြောင့် ရောက်ရှိလာသူများနှင့် ကိုဝင်းဇော်လွင်ကဲ့သို့ အဖွဲ့ဝင်များ၏ မိတ်ဆက်ပေးမှု ၊ လူရှာဖွေစုဆောင်းပေးရာတွင် ပါဝင်ခဲ့သူများသည် ငွေအမြန်ပြန်လည်ထုတ်ယူနိုင်ခြင်းမရှိဘဲ ငွေဆုံးရှုံး နစ်နာခဲ့ရသည်။

မသဲသဲ(အမည်လွှဲ)သည်လည်း Facebook မှတစ်ဆင့် လာမိတ်ဆက်သည့် Bhone Htet Myat အကောင့်ပိုင်ရှင်နှင့် စကားပြောမိရာမှ Exxon Film တွင် ငွေထည့်ဝင်ဖြစ်ခဲ့ပြီး ငွေကျပ် ၂၇သိန်း ဆုံးရှုံးခဲ့ရသူဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ညီမတို့ဘက်မှာက အလုပ်တွေက ခက်ခဲတယ်၊ အလုပ်မရှိကြဘူးပေါ့။ အဲ့မှာသူက ကူညီပေးတဲ့သူလိုလို ဘာလိုလိုပေါ့”ဟု Facebook မှတစ်ဆင့် လာမိတ်ဆက်သည့် Bhone Htet Myat နှင့်စတင်တွေ့ခဲ့သည့်ပုံစံကို မသဲသဲက ပြန်လည်ပြောပြသည်။

အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်လာသည်ကို ယုံကြည်ခြင်းကြောင့် ငွေထည့်သွင်းဖြစ်ခဲ့ခြင်းမဟုတ်ဘဲ Exxon Filmမှ ပြသထားသည့် အချက်အလက်များ ၊ ဆယ်လီများ၏ ကြော်ငြာများနှင့် အစပိုင်းတွင် ငွေအမှန်တကယ် ထုတ်လို့ရခဲ့သည့်အတွက် ယုံကြည်မိခဲ့သည်ဟု ပြောသည်။

“ညီမတို့တွေကလည်း ဒီလောက်ထိ မျက်စိစုံမှိတ်ပြီး ကိုယ့်ကိုလာမိတ်ဆက်တာနဲ့ ရော့အင့်ဆိုပြီး ရင်းတဲ့သူတွေထဲမှာမပါပါဘူး။ သူတို့က အလှူလုပ်တာဆိုရင် သူတို့ သိန်း၄၀ကုန်တယ်ဆိုတာနဲ့ ဆယ်လီတွေကလည်း နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပေါ့ ကြော်ငြာခရတဲ့ ငွေပမာဏလေးနဲ့ သူတို့နာမည်အပျက်ခံပြီး မကြော်ငြာပါဘူးလို့လဲ ပြောတယ်။ ပြီးတော့ လုပ်ငန်းတရားဝင်လိုင်စင်ကော ပြပေးတာနဲ့ ရုံးခန်းလည်းရှိတယ်။ အဲ့မှာလည်း သွားပြီး လေ့လာကြည့်လို့ရတယ်ပေါ့။ အဲ့လိုအချက်တွေကြောင့် အမှန်တကယ်ပါလို့ ယုံကြည်မိပြီး အစမှာတော့ ငွေလည်းတကယ်ထုတ်လို့ရတာဆိုတော့ ပိုပြီးစိတ်ချမိတယ်”ဟု မသဲသဲက ပြောသည်။

မသဲသဲသည် အစပိုင်းအနေအထားတွင် ငွေထုတ်ရခဲ့သည့်အတွက် ပိုမိုစိတ်ချယုံကြည်မိပြီး အဆင့်ရာထူးတက်ရန်အတွက် ငွေများမထုတ်ယူတော့ဘဲ အကောင့်ထဲတွင် ဆက်လက်သိမ်းထားခဲ့ပြီး တခြားသူများဆီကပါ ငွေများချေးယူ၍ ထပ်မံ ငွေထည့်သွင်းခဲ့သည်။ ဆယ်လီများက ကြော်ငြာပေးမှုများကြောင့် သူမအပြင် သူမနှင့် ဆက်စပ်သူများသည်လည်း ပိုမိုယုံကြည်ပြီး ပါဝင်ဖြစ်ခဲ့သည်ဟုလည်း မသဲသဲက ပြောသည်။

ဆယ်လီဖူးပွင့်ခိုင်ကတော့ Exxon Filmမှ မဟုတ်တာတွေ လုပ်နေသည်ကို သိရှိခဲ့သည့်အတွက် သူမအနေဖြင့် ကုမ္ပဏီနှင့် ပြဿနာတက်ခဲ့ပြီး နောက်ထပ် ကြော်ငြာရန် ထပ်လာမငှားဖို့ ပြောဆိုခဲ့ကြောင်းနှင့် ကြော်ငြာခ ရရှိငွေ သိန်း၂၀ကိုလည်း SIV AIDS မိဘမဲ့ဂေဟာတွင် သွားရောက်လှူဒါန်းခဲ့ပြီး ကိုယ်တိုင် သုံးစွဲမှု မပြုခဲ့ကြောင်း ၂၀၂၃ မတ်၁၉ရက်က ၎င်းလူမှုကွန်ရက်တွင် Exxon Filmနှင့် ပတ်သက်၍ ရေးသားခဲ့သည်ကို တွေ့ရသည်။

သို့သော် Exxon Film လိမ်လည်မှုပြုလုပ်ပြီး ရက်၂၀ကျော်မှ အဆိုပါစာကိုရေးသားခဲ့ခြင်းဖြစ်ပြီး ရေးသားပြီး အချိန်ပိုင်းအတွင်း အဆိုပါရေးသားမှုကိုလည်း ပြန်လည်ဖျက်သွားခဲ့သည်။

ဆယ်လီ လမင်းကဗျာသည်လည်း ၂၀၂၂ခုနှစ်ဒီဇင်ဘာ၂၃တွင် Exxon Film ကြော်ငြာကို ၎င်းအသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့ပြီး လိမ်လည်မှုများဖြစ်ပွားပြီးချိန်တွင် အဆိုပါကြော်ငြာကို ပြန်ဖြုတ်ထားခဲ့သည်ကိုတွေ့ရသည်။ လမင်းကဗျာကို Exxon Film ကြော်ငြာကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပထမတကြိမ်တွင် မအားသေးကြောင်း ပြော၍ ဒုတိယအကြိမ် ဆက်သွယ်ရာတွင် ဖြေကြားမှု မလုပ်နိုင်ကြောင်း ပြောသည်။

အွန်လိုင်းအက်ပလီကေးရှင်း ကြော်ငြာပေးသူတွေကို အရေးယူနိုင်သလား

အဆိုပါ အွန်လိုင်းအက်ပလီကေးရှင်းကိုကြော်ငြာပေးသူများသည်လည်း ဆက်သွယ်ရေးဥပဒေနဲ့ ငြိစွန်းနေပြီး နစ်နာသူများအနေဖြင့် သက်သေအချက်အလက်များဖြင့် တိုင်ချက်ဖွင့်နိုင်သည်ဟု အထက်တန်း ရှေ့နေတစ်ဦးက ဆိုသည်။

Comments

Be the first to add a comment