စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခါးကျီးပေါင်းရောဂါကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း ထုတ်ပြန်

မဇ္ဈိမ။ ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ဝေဒနာခံစားရ၍ ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း ယနေ့ ( မတ်လ ၂၃ ရက်) တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၂၀ ရက်တွင် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် အိန္ဒိယနိုင်ငံမှ ပါရဂူများနှင့် စစ်ကော်မရှင် ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်နာရီကြာ ထိုခွဲစိတ်ကုသမှု အောင်မြင်ခဲ့၍ ယခု တာဝန်များကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့် ၂၇ ရက်တွင် တပ်မတော်နေ့ ကျင်းပမည်ဖြစ်ပြီး မတ်လ ၃၀ ရက်၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရန်ရှိနေသည်။ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် တင်သွင်းမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#ကျန်းမာရေး
#မင်းအောင်လှိုင်
#ပြည်တွင်းသတင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment