မျိုးဆက်သွေး - BUR.MIZZIMA.COM
မျိုးဆက်သွေးမောင်မောင်မြင့် ရေးသည်။၈ ရက်၊ ၈ လ၊ ၈၈ - ရှစ်လေးလုံးအရေးတော်ပုံဟာ အဲဒီခေတ် အဲဒီကာလအထိ မြန်မာ့သမိုင်းရဲ့ အကြီးမား ဆုံး လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲ့ပါတယ်။ မိမိတို့ရဲ့ ဒီမိုကရေစီရေး လွတ်လပ်ခွင့်အတွက် နိုင်ငံတဝန်းမှာ ဆန္ဒ ဖော်ထုတ်ခဲ့ကြတဲ့ လူဦးရေအချိုးအစားအရကြည့်မယ်ဆိုရင် ဒီ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ကိုလိုနီ ခေတ်က ၁၃၀၀ ပြည့်အရေးတော်ပုံကြီးထက် ပိုမိုကြီးမားတဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ဆိုရမှာပါ။ရှစ်လေးလုံးအရေးတော်ပုံရဲ့ အစပိုင်းကာလမှာ သမိုင်းဝင်ကျောင်းသားသမဂ္ဂသီချင်းဟာ ဆန္ဒပြ ကျောင်း သားထုအကြားမှာ ခေတ်စားခဲ့ပါတယ်။ ဒီသီချင်းကို ကျောင်းသားတွေကြားမှာ ဖြန့်ဝေပေးကြ၊ သီချင်းချ ပေးကြသူတွေဟာ ၁၉၆၂ နဲ့ ၁၉၇၄-၇၅ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား ဟောင်းကြီးတွေ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။“တိုင်းပြည်ကို ရှေ့ဆောင်ကာ တို့ကျောင်းသားတွေသည်၊ စံနမူနာတင် ကျောင်းသားသမဂ္ဂတို့ ဖြစ်သည်၊ ကမ္ဘာတဝှန်းမှာ ဗမာစွမ်းတာ မော်ကွန်းတင်ပါမည်၊ ဒို့တတွေ သွေးစည်းမည်” ဆိုတဲ့ ပထမပိုဒ်က စာသားတွေနဲ့ ဒုတိယပိုဒ်မှာပါတဲ့“တော်လှန်ရာတွင် ရှေ့ကပင် ဦးထိပ်တင်၊ သက်စွန့်ကျိုးပမ်း ထမ်းရွက်ခဲ့ပေသည်” ဆိုတဲ့ စာသားတွေဟာ ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ အတွက် ကြီးမားတဲ့စိတ်ခွန်အားကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ တနည်းပြောရရင်တော့ မျိုးဆက်ဟောင်း ကျောင်းသားတွေဟာ ဒီကျောင်းသားသမဂ္ဂသီချင်းကို ပြန်လည်သီဆိုအသက်သွင်းပေးခြင်းအားဖြင့် သူတို့ ခေတ်ရဲ့မပြီးဆုံးသေးတဲ့တာဝန်ကို မျိုးဆက်သစ်ကျောင်းသားတွေရဲ့ ပုခုံးပေါ် လွှဲတင်ပေးလိုက်ခြင်းပဲဖြစ် ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံကာလ အလယ်ပိုင်းလောက်မှာ စိန်လွင်အစိုးရရဲ့လက်ချက်နဲ့ အပြစ်မဲ့ ကျောင်း သားတွေ သွေးမြေကျအပြီးမှာတော့ “ကမ္ဘာမကြေဘူး”ဆိုတဲ့ သီချင်းတပုဒ် ပေါ်ထွက်ခဲ့ပါတယ်။ အမေရိ ကန် Kansas တီးဝိုင်းရဲ့ Dust in the Wind သီချင်းသံစဉ်ကို တေးရေးဆရာ နိုင်မြန်မာက မြန်မာစာသား ရေးသွင်းပြီး၊ ကျောင်းသားကျောင်းသူ ၁၃ ယောက်ကသီဆိုခဲ့တဲ့ ဒီသီချင်းဟာ စစ်တပ်ရဲ့ ရက်စက်မှုတွေကို သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို တိုင်တည်ရင်ဖွင့်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။ ဒါ့ အပြင် ဒီသီချင်းရဲ့ အစပိုဒ်မှာပါတဲ့ -“ကမ္ဘာမကြေဘူး… ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ၊ တော်လှန်ရေး… ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော၊ ဪ… သူရဲကောင်းတို့ရေ... အာဇာနည်တွေနေတဲ့ တိုင်းပြည်” ဆိုတဲ့ စာသားတွေဟာ “ပေတရာပေါ်မှာကျခဲ့ရတဲ့ ငါတို့ရဲ့ သွေးတွေ အတွက် ဒီလူသတ်စစ်တပ်ကို ငါတို့ ခွင့်မလွှတ်ဘူး၊ ကမ္ဘာမကြေဘူး၊ ဒါ့ကြောင့် တွေဝေခြင်း အလျဉ်းမရှိဘဲ ငါတို့ ဆက်ပြီးတော်လှန်ကြမယ်” လို့ သွေးသစ္စာဆိုလိုက်တာလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် “ဒီသွေး ကြွေးကို ငါတို့ တနေ့ပြန်ဆပ်မယ်” လို့ ကြုံးဝါးလိုက်ခြင်းလည်း မည်ပါတယ်။ဒီနောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ အာဏာသိမ်းပွဲအပြီးမှာတော့ စစ်တပ်ဟာ အရင်က ထက် ပိုပြီးပြင်းထန်တဲ့ လူသတ်၊ ဖမ်းဆီး၊ နှိပ်စက်မှုတွေနဲ့အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖိနှိပ်ခဲ့တာ ကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီး နိဂုံးချုပ်ခဲ့ရပါတယ်။ သို့သော်လည်း ကျောင်းသားတွေရဲ့ ရှစ်လေး လုံးစိတ်ဓာတ်ကတော့ မြေအောက်ကို ငုတ်လျှိုး၊ တောနက်ထဲအထိ တိုးပြီး ဆက်လက်ရှင်သန်ခဲ့ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဓိကခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ကိုမင်းကိုနိုင်ဟာ အရေးတော်ပုံအပြီး မှာ ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အရေးတော်ပုံကာလအတွင်း သူရေးစပ် ခဲ့တဲ့ကဗျာတပုဒ်ဟာ တောခိုကျောင်းသားများနဲ့အတူ ထိုင်း-မြန်မာနယ်စပ်က ကျောင်းသားတပ်မတော် စခန်းတွေဆီကို ရောက်သွားခဲ့ပါတယ်။ ဒီနောက် ဒီကဗျာစာသားကို “သွေးမုန်တိုင်း” ဆိုတဲ့ နာမည်နဲ့ ကိုရဲနည်က သံစဉ်ထည့်ပြီး ကိုမွန်းအောင်က သီဆိုလိုက်တဲ့ အခါမှာတော့ အင်မတန်မှ အားကောင်းတဲ့ နိုင်ငံကျော် သမိုင်းဝင်သီချင်းတပုဒ် ဖြစ်လာခဲ့ပါတယ်။ဒီသီချင်းမှာ ကျောင်းသားတွေက -“လမ်းမထက်မှာ ကျခဲ့တဲ့ ပြည်သူ့သွေးတွေ ပျောက်ပျက်သွားပြီ မထင်နဲ့‌ဟေ့” လို့ ကြွေးကြော်ကြပါတယ်။ ဒီသွေးတွေဟာ -“ချောင်းထဲကနေ မြစ်ထဲကိုစီးဝင်တာမို့ မြစ်တွေမှာ ရဲရဲနီကုန်ကြတယ်”“မြစ်တွေထဲကနေ ပင်လယ်ထဲအထိ စီးဝင်လို့ သမုဒ္ဒရာတွေကလည်း ရဲရဲနီသွားကြတယ်”“နေပူရှိန်ကြောင့် သွေးခိုးသွေးငွေ့တွေ မိုးကောင်းကင်ပေါ် ပျံတက်ပြီး သွေးမိုးတိမ်တွေ ဖွဲ့ကြတယ်”ဒီနောက်မှာတော့ “ကောင်းကင်ကြီးတခုလုံးပါ နီရဲလာပြီး သွေးမုန်တိုင်းကြီး တိုက်ခိုက်ပါတော့တယ်” တဲ့။အလင်္ကာငါးပါးအနက် လေးပါးစုံအောင် ဖွဲ့နွှဲ့ရေးသားသီဆိုခဲ့တဲ့ ဒီသီချင်းဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသူတွေရဲ့ မီးရှူးတန်ဆောင်သီချင်းတပုဒ်အဖြစ် နှစ်ပေါင်း ၃၀ တိတိ တည်တံ့ခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအရောက်မှာတော့ မြန်မာနိုင်ငံ တနံတလျားမှာသာမက မြန်မာတွေရှိကြ တဲ့ ကမ္ဘာ့နိုင်ငံတွေအနှံ့မှာပါ ပေါက်ကွဲ ပျံ့လွင့်သွားခဲ့ပါတယ်။ ဒီသီချင်းဟာ နွေဦးတော်လှန်ရေးရဲ့ “သွေး ကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုတဲ့ဆောင်ပုဒ်နဲ့…

Comments

Be the first to add a comment