Mizzima
Exxon Film အက်ပလီကေးရှင်းသည် ကမ္ဘာဇဘဏ်နှင့်ချိတ်ဆက်ထားသော KBZ PAY ဖြင့် ငွေသွင်း ငွေထုတ် လုပ်ဆောင်မှုကို ၀၉၇၆၊ ၇၇၊ ၇၈၊ ၇၉ နံပတ်များဖြင့် စတင်သည့် တယ်လီနောဖုန်းနံပတ်များကိုအသုံးပြုပြီး KBZ PAY အကောင့် ပိုင်ရှင် နာမည်အမျိုးမျိုးဖြင့် ငွေသွင်းငွေထုတ်များအား လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ အဆိုပါလိမ်လည်သည့်အကောင့်များကို ကမ္ဘာဇဘဏ်သို့ အကြောင်းကြား၍ အကောင့်ပိတ်ရန် တောင်းဆိုမှု ပြုလုပ်ရာတွင်လည်း အကောင့်ယာယီပိတ်ရန်၊ ကိုယ်လွှဲထားသည့်ငွေပမာဏကို ပြောပြရန် အကြောင်းအရာများနှင့်အတူ အမှုဖွင့်ထားသည့် ရဲစာနှင့်တကွ လာရောက်ဆက်သွယ်၍ရသည်ဟု ကမ္ဘာဇဘဏ်ဝန်ထမ်းတစ်ဦးကဆိုသည်။ သို့သော် အကောင့်ပိတ်ရန်အတွက် လိုအပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်၍ အဆိုပါ စစ်ဆေးမှုသည် မည်မျှ အချိန်ကြာမြင့်မည်ကို မသိနိုင်ဟုလည်း ပြောသည်။
၂၀၂၂ခုနှစ် ဇူလိုင်လတွင် စတင်ပေါ်ပေါက်ခဲ့ပြီး အောက်တိုဘာလတွင် ရပ်ဆိုင်းခဲ့သော JOOM အက်ပလီကေးရှင်းသည်လည်း ကမ္ဘာဇဘဏ်ဖြင့် ချိတ်ဆက်ထားသော KBZ PAY ဖြင့် ငွေသွင်းငွေထုတ် လုပ်ဆောင်ခဲ့ပြီး KBZ PAYအကောင့်များအတွက် မိုင်တဲလ် ဖုန်းနံပတ်များဖြစ်သည့် ၀၉၆၆၊၆၇၊၆၈၊၆၉ ဖြင့်စတင်သည့် ဖုန်းနံပတ်များကို အသုံးပြုခဲ့ကြသည်ကို လေ့လာသိရှိရသည်။
နစ်နာသူတွေဘက်က အခက်အခဲ
အွန်လိုင်းတွင် ယခုလို အလိမ်အက်ပလီကေးရှင်းများ ဆက်တိုက်ဖြစ်ပေါ်နေမှုများနှင့် ပတ်သက်၍ “အွန်လိုင်းပေါ်မှာ လိမ်လည်မှုဖြစ်နိုင်ချေရှိတဲ့ မသင်္ကာစရာလုပ်ငန်းတွေကို အထူးတပ်ဖွဲ့တွေဘာတွေကနေ စောင့်ကြည့်တာ ၊ တကယ်လို့တိုင်ကြားတာတွေရှိရင် လိုအပ်သလိုစစ်ဆေးတာ အဲ့လိုမျိုးတွေက မရှိဘူးလေ။ အဲ့ဒါက ရှင်းရှင်းပြောရင်တော့ လူလိမ်တွေက လိမ်လို့ လွယ်စေတယ်။ သို့မဟုတ်လဲ လိမ်ပြီးသွားရင် နောက်ဆက်တွဲအကျိုးကို သူတို့ခံစားစရာမလိုဘူး။ ရှောင်လို့ပြေးလို့ လွယ်နေတယ်။ အဲ့အတွက် တစ်ခုပြီးတစ်ခုထပ်လိမ်လို့လည်း ရနေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်”ဟု ကိုဇင်ဇေလွင်က သုံးသပ်သည်။
ထို့အပြင် အလိမ်ခံရသည့် နစ်နာသူများမှ တိုင်ကြားမှုပြုလုပ်သူများသည် မရှိသလောက် ဖြစ်ပြီး တိုင်ကြားမှုပြုလုပ်ရန် အဖွဲ့ဝင်များကိုလိုက်လံစည်းရုံးသော်လည်း လိုက်ပါတိုင်ကြားသူမရှိကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူကိုဝင်းဇော်လွင်က ပြောသည်။
“အိမ်က အသိမခံချင်လို့ ၊ တချို့ကျတော့ မဖြစ်မနေ ငွေပြန်ရမှ တိုင်မယ်ဆိုတဲ့သူတွေကလည်း ရှိတယ်။ ပိုက်ဆံတွေထပ်ကုန်မှာစိုးလို့ မတိုင်ချင်တာဆိုတဲ့သူလည်းရှိတယ်”ဟု ၎င်းကပြောသည်။
သို့သော် အလိမ်ခံရသူ ၁၀၀ရာခိုင်နှုန်းတွင် လူ ၇၀ရာခိုင်နှုန်းခန့်သည် အစပိုင်း ငွေထုတ်ရသည့်အချက်ကို အဓိကကြည့်၍ ငွေထုတ်ပြီးသည်နှင့် ရပ်မသွားဘဲ အဆင့်များတက်ရန် ငွေထပ်မံရရန် အတွက် ငွေများ ထပ်မံထည့်သွင်းကြခြင်းဖြစ်သည်။ ယင်းအက်ပလီကေးရှင်းများသည် ရိုက်စားဖြစ်ပြီး အချိန်တစ်ခုကြာလျှင် ရပ်ဆိုင်းသွားမည့်အချက်ကို သိကြသော်လည်း ငွေမြန်မြန်ထည့်သွင်း ငွေမြန်မြန် ပြန်လည်ထုတ်ယူဟူသော အချက်ကို လက်ကိုင်ထား၍ အချိန် ၊အခြေအနေကို အကဲခတ်ပြီး ငွေများဆော့ကစားကြသူများသည် ၇၀ရာခိုင်နှုန်း ခန့်ရှိနေသည်ကို တွေ့ရသည်။ကျန် ၃၀ရာခိုင်နှုန်းသည် မည်သည့်အခြေအနေ အနေအထားမျှ သိရှိခြင်းမရှိဘဲ မိသားစု ၊ အသိမိတ်ဆွေများ၏ ပြောဆိုစည်းရုံးမှု၊ ၎င်းတို့ ငွေပြန်လည်ထုတ်ယူရရှိသည်များကို တွေ့ရှိမှုများကြောင့် အချိန်တန် ငွေများဝင်လာမည်ဟူသောအတွေးဖြင့် ငွေများ ပါဝင်ထည့်သွင်းကြခြင်းဖြစ်သည်။
“လုပ်ငန်းဆိုတာ ဟန်ပြလုပ်နေလည်း ရတာပဲလေ။ အောင်မြင်နေမှ အမြတ်က များများပေးနိုင်မှာ ။သူတို့ပေးနေတဲ့ အမြတ်တွေက ဘယ်က ရတာလဲပေါ့။ အချင်းချင်း နောက်ကဝင်တဲ့လူရဲ့ပိုက်ဆံကိုရှေ့ကလူကို လှည့်ပြီးတော့ ပေးနေတာမျိုး ဖြစ်နိုင်လား ဒါမှမဟုတ် တကယ်ငွေဝင်လမ်းကြောင်း ကြီးကြီးမားမား ရှိနေလားပေါ့။ ဒါတွေကို ကျွန်တော်တို့က ထောက်စစ်ရမှာပေါ့။ တချို့ကတော့ရှိတယ် ကိုယ်ပိုက်ဆံရရင် ဒါမှန်တယ်လို့ အလွယ်တွေးတာပေါ့။ ပိုက်ဆံဆိုတာကတော့ လှည့်ပေးနေရင် ရတာပဲပေါ့ ။ နောက်ပိုင်းကျမှသာ ထိမှာလေ ရှေ့ပိုင်းမှာတော့ လှည့်လှည့်ပေးနေမှာပဲလေ။ လွယ်လွယ်ပြောရရင် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေလို့ ရတယ်ပေါ့။ အဲ့တော့ ပိုက်ဆံပေးတိုင်းတော့ ဒီလုပ်ငန်းတစ်ခုက မလိမ်ဘူးလို့ ပြောလို့ မရဘူးပေါ့။ အဓိက အဲ့လုပ်ငန်းရဲ့ ငွေဝင်လမ်းကြောင်းသည် ဖြစ်နိုင်ချေ ရှိမရှိဆိုတာကို ကျွန်တော်တို့က ဆန်းစစ်ရမှာ။ အဲ့လို ဆန်းစစ်တတ်တဲ့သူများလာရင်တော့ လိမ်လို့ရတာ နည်းလာမှာပေါ့”ဟု ကိုဇင်ဇေလွင်က ပြောသည်။
Comments
Be the first to add a comment